စံချိန်သစ် အတိုချုပ် “ဘာသာရေး မူကြို”

“ဘာသာရေး မူကြို”

လူဘဝအစ မွေးဖွားပြီး မိခင်ရင်ခွင်နို့ချိုစို့ကာ လေး ငါးနှစ်အရွယ် မူကြို ကျောင်းတွင် စာ၊ ကဗျာ၊ သီချင်းများကို အလွတ်နှုတ်တက်ရအောင် သီဆိုနိုင်ကြ‌သော်လည်း အနက် အဓိပ္ပါယ် သေခြာမသိ နားမလည်ကြပါ။

ဘာသာရေးတွင် ရွတ်ဆိုနေကြသည့် ရှိခိုး၊ ကန်တော့၊ သီလတောင်း၊ ပရိတ် ပဌါန်း၊ ဆောင်ပုဒ်များ နှုတ်တက်အလွတ်ရွတ်ဆိုနိုင်ကြပြီး အနက်အဓိပ္ပါယ် နားမလည် သေခြာမသိကြပါလျှင် မူကြိုအဆင့် ဗုဒ္ဓဘာသာဖြစ်၏။

ကောင်းမှု ( ၄ ) မျိုး

၁။ ဒါန = စွန့်လွှတ်လှူဒါန်း

မူလတန်း လူတော်၊

၂။ သီလ = ကာယ+ဝစီ ထိန်းသော

စည်းကမ်း

အလယ်တန်း လူကောင်း၊

၃။ သမထဘာဝနာ = ကမ္မဌါန်းအာရုံ

တစ်ခုတည်းကိုသာရှုခြင်း၊

အထက်တန်း လူမှန်၊

၄။ ဝိပဿနာဘာဝနာ = ရုပ်နာမ်တရား

တို့၏ ဖြစ်ပျက်မှုကို ရှုခြင်း၊

တက္ကသိုလ် လူမြတ်၊

ဖြစ်သည်။

သိဒ္ဓတ္တမင်းသားသည် မွေးဖွားပြီးစ တွင် ခြေလှမ်း ( ၇ ) လှမ်း၊ လှမ်းကာ အကြီးမြတ်ဆုံးနှင့် နောက်ဆုံးမွေးဖွားခြင်းဖြစ်သည်ဟု ကြွေးကျော်ခဲ့၏၊ အသက် (၁၆ )နှစ်တွင် ယသော်ဓရာမင်းသမီးနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီး သားတော် ရာဟုလာ မွေးဖွားခဲ့သည်၊ နွေ၊ မိုး၊ဆောင်း၊ နန်းမသုံးဆောင်တွင် အခြွေအရံပေါင်းများစွာဖြင့် ပြည့်စုံချမ်းသာစွာ စံစားခဲ့၏၊ ဖခင် သုဒ္ဓေါဒနမင်းကြီး၏ စီမံ ထိန်းချုပ်မှုဖြင့် နေထိုင်လာရာ မှ ပြင်ပလောက ပတ်ဝန်းကျင်ကို လေ့လာနိုင်ခဲ့ပြီး လူအို၊ လူနာ၊ လူသေ၊ ရဟန်းတို့ကို တွေ့မြင်ရကာ အသက် ( ၂၉ ) နှစ်အရွယ်တွင် တော ထွက် တရားရှာဖွေခဲ့ရာ သာမန်လူတို့ကျင့်နိုင်ခဲသည့် ဒုက္ကရစရိယ ( ၆ )နှစ်ကျင့်ပြီးနောက် ချမ်းသာ၊ဆင်းရဲ အစွန်း နှစ်ဘက်လွတ်သည့် အလယ် အလတ် ဖြစ်‌သောတရားလမ်းမှန်ဖြင့် သဗ္ဗညုတ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ခဲ့၏။

ယခုအခါ ဗုဒ္ဓသာသနာ ( ၂၆၁၃ ) နှစ်ရှိခဲ့ပြီ၊ မြတ်ဗုဒ္ဓ စတင်ဖေါ်ထုတ် လမ်းညွှန်သင်ပြခဲ့သော တရားတော်များကို အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက် ပြန့်ပွားလာခဲ့သည့် တရားဖြစ်သည်၊ မိမိတို့ကိုယ်တိုင် တစ်ဆင့်ခံသိရှိရသော တရားဖြစ်သည်၊ ကိုယ်ပိုင် တရား မဟုတ်ပါ။

ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ် ရှိ၏၊ ၁။ပရိယတ္တိသာသနာ = စာပေသင်ကြားခြင်း၊ ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊

၂။ ပဋိပတ္တိသာသနာ = စာအသိ၊အပြောအသိကို မိမိခန္ဓာကိုယ်အတွင်းသို့ ရှုမှတ်ပွါးများခြင်း၊

၃။ ပဋိဝေဒသာသနာ = ပဋိပတ္တိအကျင့် ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘောတရားများ သိမြင်လာပြီး မဂ်ဉာဏ် ( တဏှာ၊ မာန၊ ဒိဠိကို ပယ်ခြင်း ) ၊ ဖိုလ်ဉာဏ် ( တဏှာ၊ မာန၊ ဒိဠိမှ လွတ်မြောက်ခြင်း ) နိဗ္ဗာန်သို့ မျက်မှောက်ပြု အကျိုးရရှိနိုင်ကြပါမည်။

ယုံကြည်မှု၊ ကိုးကွယ်မှု၊ လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်မှု အဆင့် ဆင့် မြင့်တက်လာရပါမည်၊ သင်ယူခြင်း၊ နာကြားခြင်း၊ ရွတ်ဖတ်ခြင်းမှ လက်တွေ့ကျင့်သုံးလိုက်နာ အားထုတ်ပွားများနိုင်မှုဖြင့် သံသရာ ဝဲဩဂမှ ထွက်ခွါ လွန်မြောက်ပြီး မြတ်နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြပါစေ။

နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ။

ဦးအေးကြူ

( စံချိန်သစ် ) 10. 3. 2025

Related Post

“မရှိစကား ကြားကြပါစေ”“မရှိစကား ကြားကြပါစေ”

ဗုဒ္ဓဘာသာဝင်များ အလှူဒါန ကောင်းမှုပြုလုပ်ကြပြီး ဆုတောင်းမေတ္တာပေးကြရာတွင် သဘောကျအပြောများသော ” မရှိဆိုသောစကား မကြားရပါစေနှင့် ” ဟူသောဆုတောင်းသံကို နိဗ္ဗာန်ဆော်များ အသုံးများကြသည်။ ယခုအခါ အတွေးအမြင် ရှုထောင့်တစ်ခုအဖြစ် ” မရှိ ဟူသောစကား ကြားကြပါစေ” * အသတ်ခံရခြင်း မရှိ။* အခိုးခံရခြင်း မရှိ။ * အလိမ်ခံရခြင်း မရှိ။ * ကာမခံရခြင်း မရှိ။