သတ္တဝါများ အကြောက်ဆုံးမှာ သေခြင်းဖြစ်၏၊ အသက် အသေခံရမည့်ကိစ္စနှင့်ရင်ဆိုင်ကြုံတွေ့လာလျှင် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားနိုင်အောင်ကြိုးစားအားထုတ်ကြ၏၊ စည်းစိမ်ချမ်းသာ ဥစ္စာပစ္စည်းအကုန်ခံကြ၏၊ ကိုယ်ခန္ဓာ အစိပ်အပိုင်းများဖြတ်တောက်ထုတ်ပယ်မှ အသက်ရှင်နိုင်မည်ဆိုလျှင်လည်း စွန့်ပယ်နိုင်ကြ၏။
ထိုမျှ အသက်ကိုတန်ဘိုးထားကြသူတို့သည် လိုချင်မှု ပိုင်ဆိုင်လိုမှု အနိုင်လိုမှု အရေးပါအရာရောက်လိုမှု ထင်ပေါ်ကျော်ကြား ဩဇာလွှမ်းလိုမှု ချမ်းသာရလိုမှု လောဘဖြင့် အသက်အသေခံရဲကြ၏။ အဖိနှိပ်ခံ အနှိပ်စက်ခံ အနိုင်ကျင့်ခံလွမ်းမိုးဩဇာခံ အချုပ်ချယ်ခံ အနှိမ်ခံအရှုံးခံ ဘဝများ၏ ဒေါသဖြင့် အသေ ခံ တုန့်ပြန်ရဲကြ၏၊ ပညာမဲ့ မသိ နားမလည်မှု မောဟဖြင့်အနိုင်အထက်ပြုကျင့်ခံ သေကြရ၏။
ကိုယ်ကျင့်တရားပျက်ယွင်းကြပြီး ဓမ္မနှင့် အဓမ္မ ဆန့်ကျင်ဘက် အကြောင်း အရာ ကိစ္စ ပြဿနာတို့ကို အခြေပြု၍ အသက်သေဆုံးရမည်ကို မကြောက်မရွံ့ ရင်ဆိုင်ရဲသည့် စိတ်ဓာတ် သတ္တိ ရဲရင့်မှုများရှိလာကြသည်၊ သေရဲကြသည်၊ အသက်ခန္ဓာ စွန့်ဝံ့ကြသည်။ လောဘ ဒေါသ မောဟ တို့ဖြင့် ပညာအသိဉာဏ်ကင်းမဲ့ပြီး ဗရမ်းဗတာနိုင်လှသည့် မှားယွင်းသောအစွန်းရောက်အသိစိတ်ဖြင့် သေရဲမိုက်ရဲ သေဝံ့ကြခြင်းသည် အလွန်ဆိုးဝါး အကျည်းတန်ပါသည်။ တခါက ကြက်သားအုပ်မကြီး သေဆုံးသွားရာ အမိမဲ့ ကြက်ပေါက်ကလေးများကို ခြေဖြင့်ယက်၍ အစာရှာဖွေကြွေးနေသော ကြက်မဒန်းမကလေး ဦးဆောင်မှုနောက် တကောက်ကောက်လိုက်နေကြ၏၊ ခွေးနှင့်တွေ့သည့်အခါ မိခင်ရင်းကြက်မကြီးကဲ့သို့ အသက်ပေး ကာကွယ်ရဲသော သတ္တိမရှိ သူသာ လွတ်အောင် အရင်ပြေး၏။ သာမန်အချိန်တွင် အရွယ်အင်အားအဆမတန်ကွာခြားနေလျှင် ရင်ဆိုင်ရဲခြင်းမရှိ ကြောက်ရွံ့ကြသော်လည်း မိခင်စိတ်ဖြင့် အသက် အသေခံ ကာကွယ်ပေးရဲသော သတ္တိ ရှိလာကြ၏။ ကိုယ်ချင်းစာစိတ် အမှန်တရားမျှတမှု မြတ်နိုးတန်ဘိုးထားသော သူတော် ကောင်းတို့၏ ရင်၌ဖြစ်သော နှလုံးသားတုန်လှုပ်မှုသည် မြင့်မြတ်သောစိတ် ထားဖြင့် အသက်ခန္ဓာစွန့်ဝံ့ကြ၏၊ ရဲရင့်ကြ၏၊ သတ္တိဗျတ္တိ ရှိကြ၏၊ ကာကွယ်ကြ၏၊ ကူညီကြ၏၊ ကြောက်ရွံ့မှုမရှိသေရဲကြ၏၊ ပညာ သဒ္ဓါ၊ အသိဉာဏ် ယုံကြည်စိတ်သည် အကျိုးရှိ မှန်ကန် တည်ငြိမ်သောသတ္တိ ရဲရင့်မှုဖြင့် အ သက်စွန့်နိုင်ကြ၏။ ဆင်းရဲချမ်းသာ မည်သူမဆို အသက်တစ်ခုသာပိုင်ကြ၏၊ အပိုမပါ၊ အသက်ရှင်စဉ် မိမိတန်ဘိုးထားရာ လုပ်ပိုင်ခွင့်ရှိကြ၏။ တောအုပ်တခုတွင် ရဟန်းများ တရားအားထုတ်နေစဉ် ကျားဆွဲခံရသော ရဟန်းငယ်တစ်ပါးသည် ကျားစားခံရသောဝေဒနာကို ကမ္မဌာန်း တရားနှလုံးသွင်းလျှက် ဓမ္မတရားဖြင့် ပြန်လည်မွေးဖွားခြင်းမရှိအောင် သေခြင်းကို အနိုင်ယူခဲ့၏။ ဓမ္မတရား မြတ်နိုးတန်ဘိုးထား ကျင့် ကြံ အားထုတ်ပွားများလျက် မြင့်မြတ် သောစိတ်ဖြင့် သေခြင်းကိုအနိုင်ယူ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ကြပါစေ။ နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ။